13/07/2025
ဂျပန်နိုင်ငံတွင် (၃) ကြိမ်မြောက် အာရက္ခသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
ခိုင်လူလှ (ရိုးမမြေ) | လွန်ခဲ့သော ၁၆ နာရီ က | ကြည့်ရှုသူ :1539
ရခိုင် သတင်း
(တိုင်းရင်းသားညီအစ်ကိုမောင်နှမများသာမက ဂျပန်လူမျိုးတွေပါ ပါဝင်ဆင်နွှဲကြမည်)
နိရဉ္စရာ၊ ဇူလိုင် ၁၃/၂၀၂၅
ဂျပန်နိုင်ငံတွင် လာမည့် ဩဂုတ် (၁၀)ရက် တနင်္ဂနွေနေ့တွင် (၃) ကြိမ်မြောက် အာရက္ခ သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
အဆိုပါ သင်္ကြန်ပွဲတော်ကို ရခိုင်လူမှုရေးအသင်းဂျပန်(ASAJ)နှင့် ဂျပန်နိုင်ငံက အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Japanese non-profit organizations (NPOs) နှင့် ပူးပေါင်း ကျင်းပ သွားမည်ဖြစ်ကြောင်း သင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးအတွက် ဦးစီးဆောင်ရွက်နေသူများ အထဲမှ တစ်ဦးဖြစ်သူ ရခိုင်လူမှုရေးအသင်းဂျပန်(ASAJ) နာယကဦးဖိုးသိန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
“ ဒီသင်္ကြန်ပွဲတော်ကို ရခိုင် ASAJနဲ့ ဂျပန် NPOတို့က ပူးပေါင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခု အနေထားမှာ ဂျပန်ကို ရောက်လာတဲ့ ရခိုင်သူ ရခိုင်သား ရခိုင်အမျိုးသား/ အမျိုးသမီး လူငယ်တွေ များလာတယ်။ သူတို့ကို စည်းလုံးဖို့ ရည်မှန်းချက်ရှိသလို ရခိုင် လူပျိုအပျိုတွေအကြား စုစုစည်းစည်းနဲ့ သူတို့ သူတို့အကြား အသိအကျွမ်း မိတ်ဆွေဖြစ်ကြဖို့ ရည်မှန်းချက်လည်း ရှိပါတယ်”ဟု ပြောသည်။
အဆိုပါအာရက္ခသင်္ကြန်ပွဲတော်ကို သြဂုတ်လ၁၀ ရက်(တနင်္ဂနွေနေ့)ဒေသစံတော်ချိန် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဂျပန်နိုင်ငံ၊ယိုကိုဟားမားမြို့ရှိ ဥမိနိုခိုးအမ်း (UminoKouen) ပင်လယ်ကမ်းခြေတွင်ပြုလုပ်သွားမည်ဖြစ်သည်ဟုဆိုသည်။
“ဒီပင်လယ်ကမ်းခြေက ငပလီလို သာယာပါတယ်။ ယိုကိုဟားမားမြို့ရှိပါတယ်။အထူး စည်ကား သိုက်မြိုက်စွာကျင်းပသွားဖို့ အစီအစဉ်ရှိပါတယ်”ဟု ဦးဖိုးသိန်းက ပြောကြားသည်။
အာရက္ခသင်္ကြန်ပွဲတော်ကို ရခိုင်ရိုးရာယဉ်ကျေးမှုများကို နိုင်ငံတကာက ပိုမိုသိရှိလာရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်သည့် အပြင် သင်္ကြန်ပွဲတော်မျ ရရှိလာသည့် ရန်ပုံငွေများကိုလည်း ရခိုင်တွင်ဖြစ်နေသည့် ပဋိပက္ခအတွင်း ရင်ခွင်မဲ့ဖြစ်သွားသော မိဘမဲ့ကလေးငယ်များကို ဦးစားပေး ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။
အာရက္ခရိုးရာ သင်္ကြန်ဖြစ်မြောက်ရေးအတွက်ဆောင်ရွက်နေကြသူများအထဲက ဦးစီးကော်မတီဝင် တစ်ဦးဖြစ်သူ ကိုထွန်းသက်ခိုင်က “ အဓိက ရည်ရွယ်ချက်က အရင်ကလည်း သင်္ကြန် လုပ်ခဲ့တာပေါ့နော်။ အခုလည်း ၃ ကြိမ် မြောက် ဖြစ်သွားပြီဆိုတော့ အရင်အရင်ကထက်လည်း ပိုပြီး စည်စည် ကားကား ဖြစ်အောင်၊ အကျိုးရှိရှိ လုပ်နိုင်အောင်နဲ့ အကျိုးပိုဖြစ်လာအောင် ကျနော်တို့ ရည်ရွယ် ထားတာ ရှိပါတယ်။ အဲဒီ ရည်ရွယ်ချက်ကလည်း တစ်ခြား မဟုတ်ပါဘူး။ ကျနော်တို့ ရခိုင်ပြည်ထဲမှာ အကြောင်း အမျိုးမျိုးကြောင့် ရင်ခွင်မယ့်နေတဲ့ ကလေးငယ်တွေအတွက် ကျနော်တို့ကနေပြီးတော့ တစ်စိတ်တစ်ဒေသ အကျိုးရှိအောင် ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒ တစ်ခုနဲ့ ဒီသင်္ကြန်ကို လုပ်ရတာဖြစ်ပါတယ်”ဟု ပြောသည်။
အာရက္ခသင်္ကြန်ပွဲတော်တွင် ရခိုင်ရိုးရာယဉ်ကျေးမှုနှင့် အညီ ရေလောင်းကစားကြမယ့် မဏ္ဍပ်များလည်းပါဝင်မည်ဖြစ်သလို အစားအသောက်နှင့် ဖြေဖျော်ရေးကဏ္ဍများလည်း ပါဝင်မည်ဖြစ်သည်ဟု သိရသည်။
“ သင်္ကြန်ကို ဘယ်တိုင်းရင်းသား ဘယ်လူမျိုး မဆို ရှင်းရှင်းပြောရမယ်ဆိုရင်တော့ဗျာ မြန်မာပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားတွေတင်မကဘူး။ တစ်ခြား နိုင်ငံတကာက လူမျိုးတွေကိုပါ လာစေချင်တယ်။ ကျွန်တော်တို့ရဲ့ ရိုးရာရဲ့ သင်္ကြန်နဲ့ ပတ်သက်တဲ့ အငွေ့အသက်တွေကိုလာည်း မြင်စေချင်တယ်၊ တွေ့စေချင်တယ်။ ကျွန်တော်တို့ လုပ်နေတဲ့ ရင်ခွင်မဲ့ကလေးတွေအတွက် အကျိုးကျေးဇူးတွေအများကြီးဖြစ်အောင် လာရောက်ပူးပေါင်းပြီးတော့ ကူညီပေးစေချင်ပါတယ်။ အားလုံးကိုလည်း ဖိတ်ခေါ်ပါတယ်ဗျာ” ဟုကိုထွန်းသက်ခိုင်က ပြောဆိုသည်။
ဂျပန် ရခိုင်သင်္ကြန်ပွဲတော်က လွန်ခဲ့သော နှစ်များက နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားထားခဲ့ရပြီး ယခုနှစ်တွင် ပြန်လည် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ဂျပန်ရောက် ရခိုင်လူငယ်တစ်ဦးဖြစ်သည့် ကိုစိုးနိုင်က “ရခိုင်ရိုးရာသင်္ကြန်ပွဲတော်လို ကိုယ့်ရိုးရာ ကိုယ့်ယဉ်ကျေးမှုကို နိုင်ငံတကာမှာ ထုတ်ဖော်တဲ့အချိန်မှာ သူ့နိုင်ငံနဲ့ သူရာသီ ကိုက်ညီတဲ့ အချိန် ပြုလုပ်မှ အဆင်ပြေပါတယ်။ အလွန်အေးတဲ့ ဧပြီလမှာ သင်္ကြန်ပွဲတော်ကို ဂျပန်မှာ လုပ်လို့အဆင်မပြေပါ။ ရခိုင်သင်္ကြန်ဆိုတာ ရေလောင်းတာပါမှ ပြီးပြည့်စုံပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ ဂျပန် ဆောင်းဦးကာလ ရွေးပြီးလုပ်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။