01/12/2024
ဗမာပြည်ရဲ့ ကံကြမ္မာကို ဗမာပြည်သူလူထုကပဲ ဆုံးဖြတ်လိမ့်မယ်
စိုးဟိန်း
လူထုဟာ သမိုင်းကို ဖန်တီးတယ်။ တော်လှန်တဲ့ အဖိနှိပ်ခံ လူထုကပဲ မျက်မှောက် တော်လှန်ရေး အနိုင်အရှုံးကို ဆုံးဖြတ်ပေးမှာပါ။ တခြား အပြင်လူ ဘယ်သူမှ ဆုံးဖြတ်ပေးလို့ မရဘူး။ အိမ်နီး အိမ်ဝေး နိုင်ငံတွေပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂ ဖြစ်ဖြစ်၊ အိုင်စီစီ ဖြစ်ဖြစ် သူတို့ လုပ်နိုင်တာ အကန့်အသတ်နဲ့ပဲ။ ကူညီလည်း အကန့်အသတ်နဲ့ပဲ ကူညီနိုင်မယ်။ နှောင့်ယှက်လည်း အကန့်အသတ်နဲ့ပဲ နှောင့်ယှက်နိုင်မယ်။ ဗမာပြည်တွင်းက တော်လှန်တဲ့လူထုမှာတော့ လုပ်နိုင်စွမ်းက အတိုင်းအဆမဲ့ ကြီးမားတယ်။ တီထွင်ကြံဆနိုင်စွမ်းက အကန့်အသတ်မဲ့ ရှိတယ်။
တော်လှန်ရေးမှာ မိတ်ဆွေပေါတာ ကောင်းပါတယ်။ စစ်မှန်တဲ့ အကူအညီဆိုရင် ကြိုဆိုရမှာပါ။ ဒါပေမဲ့ စစ်သုံးစစ် အမြစ်ပြတ်ရေးပန်းတိုင်က ဆံချည်တမျှင်မျှ လွဲချော်သွားလို့ မရဘူး။ စစ်သုံးစစ် အမြစ်ပြတ်ရေးဆိုတာ အာဏာသိမ်းစစ်အုပ်စုနဲ့ စစ်ကောင်စီကို ဖယ်ရှားပြီး တစုတဖွဲ့က အာဏာပြန်ထူထောင်ရေး မဟုတ်ဘူး။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံရဲ့ တန်းတူသွေးစည်းတဲ့ ပြည်သူ့အာဏာကို ထူထောင်ရေး ဖြစ်တယ်။ တော်လှန်ရေးဆိုတာ သမိုင်းသစ်ကို ဖန်တီးတာ ဖြစ်တယ်။ စနစ်သစ်ကို တည်ဆောက်တာ ဖြစ်တယ်။ စနစ်ဟောင်းက အမွေဆိုးကို မဆက်ခံဘူး။ ဆွေးမြေ့ပုပ်သိုးနေတဲ့ ခေတ်ဟောင်းနဲ့ ဖောက်ပြန်တဲ့ စနစ်ဟောင်းဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆိုင်တဲ့ ကိစ္စတွေ၊ လူတစု အဖွဲ့အစည်းတချို့သာ ပါဝင်ပတ်သက်တဲ့ မြေပေါ် ရွေးကောက်ပွဲတွေ၊ အတုအယောင် အပစ်ရပ်တာ၊ ငြိမ်းချမ်းရေး ဆွေးနွေးတာတွေပဲ။
ပြည်သစ်တည်တဲ့ တော်လှန်ရေးမှာ ဘုံရန်သူကို တိုက်ကြသူချင်း သွေးစည်းရမယ်၊ ရဲဘော်ရဲဘက်စိတ်၊ တိုက်ဖော်တိုက်ဖက်စိတ် ထားရမယ်ဆိုတာ တော်လှန်ရေးသမားတိုင်း နားလည်ထားရမယ့် အခြေခံအချက်ပါ။ ပါးစပ်က ဖက်ဒရယ်ကြွေးကြော်ပြီး လက်တွေ့ တိုက်ပွဲမှာ တန်းတူရေး အခြေခံကို မတည်ဆောက်နိုင်ရင် အကျိုးလိုလို့ ဗြောင်လိမ်နေတာပဲ ဖြစ်တယ်။ စစ်သုံးစစ်ကို အမြစ်ဖြတ်မှာ တော်လှန်တဲ့လူထုပဲ ဖြစ်တယ်။ စစ်အုပ်စု တည်မြဲနေသရွေ့ ငကန်းသေရင် ငစွေ လာမှာပဲ။ စစ်အုပ်စု မင်းဆက် ဖြတ်နိုင်ရမယ်။ စစ်ဗျူရိုကရေစီ ယန္တရားကို တစုံလုံး ဖြုတ်သိမ်းနိုင်ရမယ်။ မဖြုတ်သိမ်းနိုင်ရင် ဘာဖြစ်သလဲ ဒီချုပ်အစိုးရရဲ့ အဖြစ်ကိုပဲ ကြည့်ပါ။ စစ်အစိုးရဆိုတာကတော့ တော်လှန်ရေး အောင်ပွဲရရင် အရင်ဆုံး ပြိုလဲသွားမယ့် အုပ်စုပဲ။ ဒါပေမဲ့ ဒီမှာတင် ရပ်နေလို့ မရဘူး။
၂၁ ရာစုမှာ တူမီးနဲ့ စတဲ့ တော်လှန်ရေး ဘယ်လောက် တိုးတက်ခဲ့ပြီလဲ။ တော်လှန်ရေး စ,တော့ သေနတ်မရှိ၊ တပ်မရှိဘူး။ စိတ်ဓာတ်နဲ့ လူစုပြီး တပ်ဖွဲ့ကြတာ၊ စစ်ပညာကို နီးစပ်ရာမှာ ရှာရတာ။ လက်နက်ကို အသက်ပေးပြီး တက်ကောက်ရတာ။ ၂၀၂၄ ခုနှစ် ကုန်တော့မယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး တဆင့်တိုး ဖြစ်ထွန်းလာတဲ့ ဒီသမိုင်းတဖြတ်ဟာ အင်မတန် တိုတောင်းတဲ့ ကာလတိုလေးပဲ ရှိသေးတယ်။ ဒီကာလတိုအတွင်း အောင်ပွဲနဲ့ ဖြစ်ထွန်းမှုတွေ တသီတတန်းကြီး ရှိလာတယ်။
စစ်အုပ်စု အခြေအနေက ဗိုလ်အောင်ဆန်း စကားနဲ့ ပြောရရင် ‘ဖာ အစိုးရ’ ဖြစ်နေပြီ။ လူတကာကို မျက်နှာချိုသွေးရတဲ့ဘဝ ရောက်နေတယ်။ အရှက်သိက္ခာမဲ့ မိတ်ဆွေလိုက်ဖွဲ့နေရတယ်။ သူတို့ပြောတဲ့ ပြည်ပအားကိုးစစ်စစ်ဟာ သူတို့ကိုယ်တိုင် ဖြစ်နေပြီ။ လူထုက ကိုယ်ထူးကိုယ်ချွန် တော်လှန်ရေး လုပ်တာ သုံးလေးနှစ်ပဲ ရှိသေးတယ်။ အောင်ပွဲတွေ တသီကြီး ရထားပြီ။ အနောက်လည်း မမျှော်ဘူး၊ အရှေ့လည်း မမျှော်ဘူး။ ကိုယ့်အားကိုယ်ကိုးပြီး တော်လှန်တိုက်ခိုက်ရင်း တစတစနဲ့ ကြီးထွားလာခဲ့တာပါ။ စစ်အုပ်စုကတော့ တစတစနဲ့ လုံးပါးပါးလာတယ်။ သူ့အားကိုသူ ယုံကြည်မှု မရှိတော့ဘူး။ ပြည်ပကို အားကိုးတယ် ဆိုမှတော့ သူ့အားသူ မကိုးနိုင်လို့ပဲ ရှင်းပါတယ်။ ဒါပေမဲ့ သူ့ကို ကူညီသူ ရှိရင်လည်း အကန့်အသတ်နဲ့သာ ရှိပါလိမ့်မယ်။
- ဒီမိုကရေစီသစ်